အသံတိတ်လူသတ်သမား သွေးတိုး အကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာများအရ ကမ္ဘာပေါ်မှာရှိတဲ့ အသက် ၃၀ကနေ ၇၉ နှစ်အတွင်း လူတွေအနက် ၁.၂၈ ဘီလီယံခန့်ဟာ သွေးတိုးရောဂါကို ခံစားနေရပါတယ်။ သွေးတိုးရောဂါရှိသူတွေရဲ့ ၄၆ ရာခိုင်နှုန်းခန့်ဟာ သူတို့ကိုယ်သူတို့ သွေးတိုးရှိနေမှန်း မသိကြသလို ကုသမှုလည်း မခံယူကြပါဘူး။
သွေးတိုးရောဂါဟာ ဆီးချို၊ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။
သွေးပေါင်ကို ရက်ခြားပြီးတိုင်းတဲ့အခါ နှစ်ကြိမ်လုံးမှာ အပေါ်သွေး 140 mmHg နဲ့အထက်၊ အောက်သွေး 90 mmHg နဲ့အထက်ရှိရင် သွေးတိုးလို့ သတ်မှတ်ပါတယ်။
သွေးတိုးအဖြစ်များနိုင်တဲ့သူတွေမှာ…
- ဆားနဲ့ အငန်အစားများတဲ့သူ
- အဆီအစိမ့်နဲ့ တိရိစ္ဆာန်အဆီအစားများသူ
- အသီးအရွက် အစားနည်းတဲ့သူ
- အရက်နဲ့ဆေးလိပ် သောက်သူ
- ကိုယ်လက်လှုပ်ရှားနည်းသူ
- အဝလွန်သူ
- အသက် ၆၅ ကျော်တဲ့သူ
- မိသားစုထဲမှာ သွေးတိုးရှိတဲ့သူ
- ဆီးချိုနဲ့ ကျောက်ကပ်ရောဂါအခံရှိသူတွေ ပါဝင်ပါတယ်။
ရောဂါလက္ခဏာ…
သွေးတိုးကို အသံတိတ်လူသတ်သမားလို့ ဆိုကြပါတယ်။ ဦးနှောက်သွေးကြောပြတ်တဲ့သူ၊ လေဖြတ်သွားတဲ့သူတချို့ဟာ သွေးတိုးရှိမှန်းလည်းမသိ၊ ဘာလက္ခဏာမှ မပြဘဲ ရုတ်တရက် ဖြစ်သွားကြတာပါ။ ဒါကြောင့် အထက်မှာ ဖော်ပြထားတဲ့ အဖြစ်များသူတွေထဲမှာ ပါဝင်နေရင် သွေးပေါင်မှန်မှန် တိုင်းသင့်ပါတယ်။
ရောဂါလက္ခဏာ ခံစားရသူတွေမှာ…
- ခေါင်းကိုက်တာ
- နှာခေါင်းသွေးပါတာ
- နှလုံးခုန်မမှန်တာ
- မျက်စိကြည့်မကောင်းတာ
- နားအူတာတွေ ဖြစ်တတ်ပြီး သွေးပေါင်ချိန်အရမ်းများရင်…
- ပျို့အန်တာ
- မောပန်းနွမ်းနယ်တာ
- ရင်ဘတ်အောင့်တာ
- စိတ်ဖိစီးဂနာမငြိမ်တာ
- သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။
သွေးတိုးရှိပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် သွေးကြောတွေမာလာပြီး နှလုံးကို သွေးမရောက်တဲ့အတွက် နှလုံးပျက်စီးတာ၊ နှလုံးသွေးကြောပိတ်ပြီး လေဖြတ်တာ၊ နှလုံးခုန်နှုန်းမမှန်ဘဲ ရုတ်တရက်သေဆုံးတာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။
သွေးတိုးဖြစ်နိုင်ခြေများသူဖြစ်ဖြစ်၊ သွေးတိုးရှိသူဖြစ်ဖြစ် အထက်ပါဆိုးကျိုးတွေ မဖြစ်ရအောင်…
- ဆား၊ အငန်တွေ လျှော့စားပါ( တစ်နေ့ကို ၅ ဂရမ်ထက် ပိုမစားပါနဲ)
- အဆီအဆိမ့်၊ တိရိစ္ဆာန်အဆီ၊ ရယ်ဒီမိတ် အစားအစာတွေ လျှော့စားပါ
- အသီးအရွက် များများစားပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်လျှော့သောက်ပါ
- တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားပါ
- စိတ်ဖိစီးမှု လျှော့ချပါ
- သွေးပေါင်မှန်မှန်တိုင်းပါ
- ဆီးချို၊ ကျောက်ကပ်လို ရောဂါအခံတွေရှိရင် သေချာကုသမှုခံယူပါ
- သွေးတိုးရှိနေရင်လည်း ဆရာဝန်နဲ့ ပြသပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်နေအောင် ဂရုစိုက်ပါ။
အသံတိတ်လူသတ်သမားက လက်ဦးမှုမယူနိုင်အောင် ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်